နမ္မတူ ဒီဇင်ဘာ ၂၈
Dan Church Aid – Norwegin Church Aid (DCA-NCA) ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မိုင်းမုကျေးရွာ နှင့် ကောင်းဟုန်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် မနန်းအေးနွမ်းတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေး အကြောင်းအရာ များအား မြန်မာဘာသာဖြင့်လည်းကောင်း၊ ရှမ်းဘာသာဖြင့်လည်းကောင်း အသိပညာပေး ဟော ပြောခဲ့ပြီး တက်ရောက် လာသော ဒေသခံပြည်သူများအား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေကာ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ၊ အသိပညာပေး ဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ကျေးရွာတစ်ရွာစီအတွက် ခြေနင်းလက်ဆေးဘေစင် (၁)စုံ၊ Hand Speaker (၁)ခု၊ Memory Stick (၁)ခု၊ ရေမလိုလက်သန့်ဆေးရည်များနှင့် လက်ဆေးဆပ်ပြာခဲ (၉၉၆)ခဲအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်ထံက သိရသည်။
လူမော် (ပြန်/ဆက်)