ချင်းရွှေဟော် ဒီဇင်ဘာ ၂၈
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့၊ နေ့လယ်(၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့သည့် နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြကာ အမျိုးသား(၃၂)ဉီး၊ အမျိုးသမီး(၁၈)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၅၀)ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ်ပြန် ပြည်သူအားလုံးတွင် ရောဂါပိုးမတွေ့ ရှိရကြောင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရ ယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ဇင်ဇင် (ပြန်/ဆက်)