ရေဇွာ ဒီဇင်ဘာ ၂၈
ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိတောင်သူများသည် ယခင်ကရွှေ့ပြောင်းတောင်ယာများကို မိရိုးဖလာ လုပ်ကိုင်ခဲ့ရာမှ ယခုအခါ ချင်းပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသော ဝဥများကိုဥယျာဉ်ခြံမြေများဖြင့် လုပ်ကိုင် လာခဲ့ကြ သောကြောင့် လူမှုစီးပွားဘဝ ပိုမိုအဆင်လာကြောင်း သိရသည်။
ချင်းပြည်နယ်ရှိမြို့နယ်အများအပြားတွင် ဝဥများကိုစိုက်ပျိုးကြသော်လည်း သဘာဝအလျောက် ပေါက်ရောက်မှုနှင့် စိုက်ပျိုးမှုမှာ မင်းတပ်နှင့် ကန်ပက်လက်မြို့များတွင် အများဆုံးထွက်ရှိကြောင်း၊ ချင်းပြည်နယ်တွင် ထွက်ရှိလာတဲ့ ဝဥများသည် အခြားပြည်နယ်၊ တိုင်းများမှ စိုက်ပျိုးထားသော ဝဥများထက် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်းသိရသည်။
ဝဥဟာချင်းပြည်နယ်ရဲ့ အဓိကရတနာလို့ ခေါ်ရမှာဖြစ်ပါတယ်၊ ဝဥစိုက်ပျိုးခြင်းဖြင့် ချင်းပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေသည့်အပြင် ရွှေ့ပြောင်းတောင်ယာ လုပ်ငန်းလုပ်ကိုင်သည့် အလေ့အထကို ပပျောက်စေတာ ဖြစ်ပါတယ်၊ နှစ်ရှည်ပင်များ စိုက်ပျိုးထားသော ဥယျာဉ်ခြံမြေများတွင်လည်း ရေရှည်လုပ်ကိုင် စားသောက်နိုင်သည့် ဝဥ ခေါ်ဖျံဥများကို ညှပ်ပြီးစိုက်ပျိုးနိုင်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအနေဖြင့် ပိုမိုအဆင်ပြေနေတာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်က ဝဥအစို၁ပိဿာလျှင် ငွေကျပ်(၁၉၀၀)ဖြင့် ရောင်းခဲ့ရသော်လည်း ယခုနှစ်မှာတော့ငွေကျပ် (၁၇၀၀) လောက်သာ အရောင်းအဝယ်ရှိပါတယ်၊တစ်နှစ်ထက်တစ်နှစ်ပိုမိုစျေးကောင်းမွန်သည့် ဝဥကို ချင်းပြည်နယ်အတွင်းရှိ ဒေသအနှံ့အပြား တွင်အများအပြား စိုက်ပျိုးတာကို တွေ့ရပါတယ်၊ ဒီနှစ်မှာတော့ စျေးအနည်းငယ်ကျနေသောကြောင့် ဒီထက်စျေးတက်လာဖို့က တောင်သူများ မျှော်နေကြတာ ဖြစ်ပါတယ် "ဟု ဝဥစိုက်ပျိုးသည့်တောင်သူတစ်ဦးက ပြောကြားသည်။
ချင်းပြည်နယ်၏ရေ၊မြေ၊ သဘာဝနှင့်ကိုက်ညီသော ဝဥခေါ်ဖျံဥကိုဥယျာဉ်ခြံမြေများဖြင့် စနစ်တကျ တိုးချဲ့စိုက်ပျိုး လာကြသောကြောင့် ချင်းပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာကြောင်း၊ ဝဥအများအပြား စိုက်သော တောင်သူ များမှာ အကျိုးစီးပွားများသလို ဝဥတူးဖော်လုပ်သားများမှာလည်း ဝင်ငွေများရရှိလာသောကြောင့် လူတိုင်းအလုပ် အကိုင်ရရှိပြီး မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိပါသည်။ ချင်းပြည်နယ်အတွင်း၌ ထွက်ရှိသော ဝဥများကို မန္တလေး-မူဆယ်မှ တစ်ဆင့်ပြည်ပ နိုင်ငံများသို့တင်ပို့ ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော သီးနှံပင် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝဥများစတင်စိုက်ပျိုးသူများအနေဖြင့် ယခုနှစ်အသီးစတင်စိုက်ပျိုးပါက သုံးနှစ်အကြာတွင် စတင်တူးဖော် ရောင်းချနိုင်ကြောင်းနှင့် အသီးများ ဆွတ်ခူးရသောကြောင့် စိုက်ဧကများ တစ်ဖြည်းဖြည်း တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)