မိုးနဲမြို့ နားခံစံပြကျေးရွာ၌ stay at home ကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့

မိုးနဲ ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နားခံစံပြကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်၍ stay at home အစီအစဉ်တွင် အကျုံးဝင်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သက်မှတ်ထားရှိခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းအချိန်က မိုးနဲမြို့စိန်တောင်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွှေပိုး ပရဟိတ အသင်းမှ တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ကျေးရွာနေဆင်းရဲနွမ်းပါးသူများ၊ ကျောထောက်နောက်ခံ မရှိသည့်ဘိုးဘွားများ၊ ဝမ်းရေး အတွက် အခက်အခဲရှိနေသူ အိမ်ထောင်စု (၃၂)စုတို့မှလူဦးရေ (၅၉) ဦးတို့အား တစ်ဦးလျှင် အခြေခံစားသောက်ကုန်(၁၀)မျိုး ပါဝင်သော ဆန် ၊ဆီ ၊ဆား ၊ဟင်းချိုမုန့် ၊ကြက်ဥ ၊ကြက်သွန် စသည်တို့ကို စိန်တောင်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နားခံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရွှေပိုး ပရဟိတအသင်းမှ တာဝန်ရှိသူများ၊ ရှမ်းတောင်တန်း လူမူကူညီရေးအသင်းမှ တာဝန်ရှိသူများက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)