ရေကြည်မြို့နယ် မွေးမြူရေးအဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး စားသောက်ကုန်များ လိုက်လံရောင်းချပေး

ရေကြည် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး၏ လမ်းညွှန်မှုဖြင့် ရေကြည်မြို့နယ် မွေးမြူရေးအဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥနှင့် ကြက်သားများကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများသို့ ဈေးရောင်းကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသခံ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပြီး ဝယ်ယူသူများအနေဖြင့်လည်း ပြင်ပထက် သက်သာသော ဈေးနှုန်းများဖြစ်သောကြောင့် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)