တံတားဦး ဒီဇင်ဘာ ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား/သူ များကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်း (CFPA) မှ ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာ မူလတန်း ကျောင်းများသို့ ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
အခြေခံပညာမူလတန်း ကျောင်းသား/သူများအတွက် တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်း(CFPA)မှ ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ စာရေးကိရိယာများ အလွယ်တကူမဝယ်နိုင်သောဒေသများ၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူများ ၊ ပညာသင်ကြားရေးကိုတစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း တံတားဦးမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသန်းမင်းစိုး ပြောကြားချက်အရ သိရသည် ။
တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်းရှိရာ၊ အခြေခံပညာမူလတန်း ကျောင်းပေါင်း(၇၁)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းခွဲ(၁)ကျောင်း ၊ စုစုပေါင်း(၇၂)ကျောင်းရှိ ကျောင်းသား/သူ(၄၉၅၆)ဦးအား ထောက်ပံ့ပေး နိုင်ခဲ့ပါကြောင်းနှင့် တံတားဦးမြို့နယ်၌ အခြေခံပညာ မူလတန်း ပညာသင်ယူနေသော ကျောင်းသား/သူပေါင်းမှာ (၁၂၂၀၄)ဦးရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည် ။
ရဲတင့်