မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတောင်သူများအား MEB (Two Step Loan ) ချေးငွေ အစီအစဉ်ဖြင့် ငွေကျပ်သန်းခြောက်ထောင်လျာထားပြီး ချေးပေးလျက်ရှိ

မန္တလေး ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတောင်သူများအတွက် MEB(Two Step Loan ) ချေးငွေ အစီအစဉ်ဖြင့် ငွေကျပ်သန်းခြောက်ထောင်လျာထားပြီး ချေးပေးလျက်ရှိရာ အဆိုပါ ချေးငွေများကို  မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ(မန္တလေး) မှ တဆင့် ထုတ်ချေးပေးလျက်ရှိပြီး လက်ရှိတွင် ငွေကျပ်(၄၁၇ဒသမ၁၆) သန်း ထုတ်ချေးပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(မန္တလေး) မှ သိရသည်။

 မြန်မာ့စီးပွားရေးဘဏ်(MEB) ချေးငွေအစီအစဉ်သည် တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၃) မှ တောင်သူများ အတွက် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသော  စီးပွား ရေး လုပ်ငန်းများကို အထောက်အထား အာမခံခိုင်လုံပါက ချေးငွေများ ထုတ်ချေးပေးနေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် တောင်သူ(၅၀)အား ငွေကျပ် (၄၁၇ဒသမ၁၆) သန်းထုတ်ချေးပေးထား ကြောင်း၊ ချေးငွေက လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ အသုံးပြုနိုင်ရန် နှင့်အခြားစီးပွားရေး လုပ်ငန်း များအသုံးပြုရန်အတွက်လည်း ချေးပေးလျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးမြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ(မန္တလေး) မှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ယဉ်နွဲ့ က ပြောကြားသည်။

ကျွန်မတို့ဘဏ်ကနေတဆင့် MEB ကချေးပေးနေတဲ့ ချေးငွေတွေကို လယ်ယာသုံး စက်ကိရိယာတွေ ဝယ်ယူသုံးစွဲဖို့ ချေးယူ ကြတယ်၊ ဒီချေးငွေအစီအစဉ်က အခြားစီးပွားရေးလုပ်ငန်းတွေအတွက်လည်း လျှောက်ထား ချေးယူလို့ရပါတယ်၊ တောင်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် တစ်ဖက် တစ်လမ်းကနေ အထောက်အကူပြု ချေးပေးနေတာပါ၊ ချေးငွေတွေ ပြန်ဆပ်ကာလကိုတော့ နှစ်တိုချေးငွေ သုံးနှစ်ကနေ နှစ်ရှည်ချေးငွေ ငါးနှစ်ထိ သတ်မှတ်ထားပါတယ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်နေသူတွေ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ လျှောက်ထားရင် ချေးပေးပါတယ် ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ချေးငွေများကို တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၃) မြို့နယ်ရှိ တောင်သူများကို နှစ်စဉ် မြန်မာ့စီးပွားရေးဘဏ်က ချေးပေးလျက်ရှိကြောင်း သိရပြီး ထုတ်ချေးပေးမည့် မြို့နယ်များမှာ ချမ်းအေးသာစံ မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့််ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း