မအူပင် ဒီဇင်ဘာ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာတွင် မြို့နယ်တည်ဆောက်ရေး ကော်မတီမှ ကြီးကြပ် တည်ဆောက်သည့် မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျုံစုတ်ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးသဖြင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျုံစုတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦးသစ်တွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးက အဖွင့်မုနိတာစကား ပြောကြားပြီး မအူပင်ခရိုင် ကျန်းမာရေး ဦးစီးဌာန တာဝန်ခံ ဒေါက်တာခင်မာစိုးက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ မြို့ပြနှင့် ကျေးလက် ကွာဟချက်မရှိ ကျန်းမာရေး စောင့်ရှောက်မှုများကို ရှင်းလင်း ပြောကြားသည်။
၄င်းနောက် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်ဦးဇော်မိုးနှင့် တည်ဆောက်ရေး ကော်မတီ တာဝန်ရှိသူများက ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)