ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မိုးစပါးရိတ်သိမ်းပြီး၍ လယ်မြေများတွင် ဆောင်းသီးနှံဖြစ်သော ကြက်သွန်ဖြူကို စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ကြက်သွန်ဖြူများကို စိုက်ပျိုးရာတွင် မိုးစပါးများကို ရိတ်သိမ်းပြီး နိုဝင်ဘာလတွင် လယ်မြေများ ထွန်ရေးညက်အောင်ပြုပြင်ကာ ဒီဇင်ဘာလမှစ၍ ဘောင်ဖော်ပြီး မြေအောင်းအဖြစ် နွားချေးနှင့် ဒီစူပါမြေ ဩဇာထည့်ကာ တစ်ပင်နှင့် တစ်ပင်၂လက်မ၊ တစ်တန်းနှင့်တစ်တန်း ၄လက်မခွာ၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုး ပြီးတစ်ပတ်အကြာ ပေါင်းပင်နှိမ်နင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ရေတစ်ပတ်တစ်ကြိမ် ပက်ဖျန်းခြင်းကို ဆောင်ရွက်ကြောင်း၊ ၄ပတ်ကြာလျှင်ပုလဲနှင့် အာမိုမြေဩဇာထည့်သွင်းပေးရကြောင်း၊ ပေါင်းပင်များကို(၂)လ အရွယ်ထိ နှိမ်နှင်းရမည်ဖြစ်ကြောင်း ၊ရက်ပေါင်း(၉၀)တွင် ကြက်သွန်ဖြူများစဖူး၍ အဖူးများကို ခူးချွေပေး ရမည်ဖြစ်ကြောင်းသို့မှသာ ကြက်သွန်ဖြူဥ ကြီးထွားမည် ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့ ကြက်သွန်ဖြူ စိုက်တောင်သူ ဦးထွန်းထံမှသိရသည်။
စိုက်ပျိုးသည့်ရက်ပေါင်း (၁၂၀)ခန့်ကြာသည့်အခါ ကြက်သွန်ဖြူပင်စည်နှင့်အရွက်များ ဝါလာလျှင် လက်ဖြင့်ဆွဲနုတ်သိမ်းယူနိုင်ကြောင်း၊ ကြက်သွန်ဖြူပိဿချိန်(၁၀၀)စိုက်ပျိုးလျှင် ပိဿချိန်(၆၀၀)ခန့် အထက် ထွက်ရှိနိုင်ကြောင်း သိရှိရသည်။
မြဝင်း(ပြန်/ဆက်)