ဆီဆိုင် ဒီဇင်ဘာ ၂၉
ဒေသခံတိုင်းရင်းသားပြည်သူများ မြေပိုင်ဆိုင်ခွင့်ရရှိစေရေးနှင့် နိုင်ငံတော်မှ အခွန်ဘဏ္ဍာငွေများ ရရှိစေရေးတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြေငှားဂရန်လျှောက်ထားသည့် မြေနေရာများအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဘဆန်းလှတို့က စက်မှု၊ စီးပွားမြေငှားဂရန်(၂)ခုနှင့် လူနေအိမ်မြေငှားဂရန်(၁)ခုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဧရိယာအကျယ်အဝန်း၊ မြေအမျိုးအစား၊ အမှုတွဲစုံလင်မှု ရှိ/မရှိ၊ အရှုပ်အရှင်း ရှိ/မရှိ၊ လမ်းနှင့်အိမ် လွတ်/မလွတ်၊ မိသားစုသဘောတူ/မတူ စသည်များကို ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ရာ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)