ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ ကျန်းမာရေး စစ်ဆေးသည့်ပစ္စည်းများ လာရောက်လှူဒါန်း

ခိုင်ကမ်း         ဒီဇင်ဘာ        ၂၈

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသုံးပြုသည့် ကျန်းမာရေးသုံးပစ္စည်းများကိုကလေးမှ ရိခေါဒါရ်သို့ ပြေးဆွဲသည့် တော်ဝင်အောက်ချင်းဂိတ်(ကားအသင်း)က ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တော်ဝင် အောက်ချင်းဂိတ်က လှူဒါန်းသည့် Face Shield  ၂၀ ခု၊ Hand Gel ၆ ဗူး၊ 95 Mask ၁၀၀ ခု နှင့် လက်အိတ် ၁၅၀ စုံတို့ကို ခိုင်ကမ်းမြို့ကျန်းမာရေးဝန်ထမ်းတစ်ဦးက လက်ခံရယူခဲ့သည်။ ခိုင်ကမ်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးမှ ချင်းပြည်နယ်သို့ အဝင်မြို့ဖြစ်သည့်အတွက် ကုန်တင်ပို့ဆောင်သည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို နေ့စဉ် ကိုဗစ်-၁၉ ​​ ရောဂါ ရှိ မရှိ ကျန်းမာ‌ရေးစစ်ဆေးမှုများကို ပြုလုပ်ရသည့်အတွက်  ယခုကဲ့သို့ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို အလှူရှင်များက အခါအားလျော်စွာ လာရောက်လှူဒါန်းမှုများကြောင့် ကျန်းမာရေး စစ်ဆေး ရေးဂိတ် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မည်ဖြစ်ပြီး များစွာအသုံး အကျိုးရှိ မည်ဖြစ်ကြောင်းသိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)