မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၉
မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းခြောက်သွေ့သောကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မီးငြိမ်းသတ်ရေး သီးသန့်စီစဉ်ထားသော အဝီစိ ရေတွင်းများ ကောင်းမွန်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်သည်။
မီးသတ်ရေတွင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ၄ လက်မ အဝီစိပိုက်တွင်း ၃၀ တွင်းအား မီးဘေးအန္တရာယ် ဖြစ်ပွားသည့်အခါတွင် အဆင်သင့် အသုံးပြုနိုင်ရန်အတွက် မီးသတ်အဝီစိ ရေတွင်းများအား ရေစုတ်ထုတ်ခြင်း၊ ရေဝင်ရေထွက် ကောင်းမွန်မှု ရှိ/မရှိ၊ ရေခမ်းနိုင်ခြေ ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်နှင့် သန္ဓေတပ်ဖွဲ့ဝင်များမှ လိုက်လံစစ်ဆေး ဆောင်ရွက် ကြကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)