ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြားပေး

ဟားခါး         ဒီဇင်ဘာ        ၂၈

ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဟားခါး မြို့နယ်၊ ဗန်ဟားကျေးရွာတွင် ယမန်နေ့မှစတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက“ကျွန်တော်တို့ ဟားခါးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ် ပြုပြင်ရေး သင်တန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်းမှာ ရွာ(၂)ရွာကို ရွေးချယ်ထားပါတယ်၊ ဒီဇင်ဘာလမှာစသင်ပေးပါတယ်၊ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အတွက် ကိုယ်ပိုင်အလုပ် အကိုင်နှင့် ဝင်ငွေရရှိစေရေး ရည်ရွယ်၍ပြီးဖွင့်လှစ်သင်ကြားပေးတာပါ၊ သင်တန်းကာလကတော့ တစ်ကြိမ်ကို (၁၈)ရက် ကြာပြီးတော့ သင်တန်းနည်းပြကိုတော့ ဟားခါးက (၂)ဦးကိုငှားထားပါတယ်၊ ဆိုင်ကယ်ပြင်ဆိုင်လဲဖွင့်လို့ရအောင်ပြီးတော့ ဆိုင်ကယ်တစ်စီးလုံး ဖြုတ်တပ် အကုန်သင်ပေးပါတယ်။ အင်ဂျင်ခွဲတာအစသင်ပေးပါတယ်၊ သင်တန်းသားအနေနဲ့ တစ်ကြိမ်(၂၅)ဦးတက်ရောက်ပါတယ်။ သင်တန်းမှာအသုံးပြုဖို့ ပစ္စည်းဖိုး၊ သင်တန်းနည်းပြ အတွက် သင်တန်းတစ်ကြိမ်ကို ငွေကျပ်(၂၄၅၀၀၀၀)ကို ထောက်ပံ့ပါတယ်။(၂)ရွာဆိုတော့ ငွေကျပ် (၄၉၀၀၀၀၀)ကို ထောက်ပံ့ဆောင်ရွက်သွားဖို့ရှိပါတယ်။ ပြည်ထောင်စုရန်ပုံငွေနှင့် ဆောင်ရွက်တာပါ၊ ဟားခါးမြို့နယ် ဖာရွန်းကျေးရွာမှာ ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေးပြီးပါပြီ၊ အခုဒုတိယ အကြိမ်အနေဖြင့်ဗန်ဟားကျေးရွာမှ ဒီကနေ့ဖွင့်ပွဲလုပ်ခဲ့တာပါ ”ဟု ပြောပြခဲ့ပါတယ်။

ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင် အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ခု ပြည်ထောင်စုရန်ပုံငွေ(၄၉၀၀၀၀၀)ဖြင့် ဟားခါးမြို့နယ် ဖာရွန်းကျေးရွာနှင့် ဗန်ဟား ကျေးရွာတို့တွင် ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ဟားခါး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရှိရသည်။                                                    

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)