ကချင်ပြည်နယ်၌ အာဆီယံ အပေါင်း (၃) အရေးပေါ်ဆန်ရိက္ခာ (APTERR)အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ(၄၈)တန်အား ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၂

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကပ်ရောဂါ ရင်ဆိုင်ခံစားနေရသော ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားသမ္မတ နိုင်ငံမှလှူဒါန်းသော ဆန်ရိက္ခာ (၄၈)တန်အား ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတစ်ဆင့် ပြည်နယ်အစိုးရ အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲတွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်ရာတွင် APTERR အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့သည့် ဆန်ရိက္ခာ(၄၈)တန်ကို လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးထံ လွှဲပြောင်း ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

ဆန်ရိက္ခာ လွှဲပြောင်းပေးအပ်မှုအပေါ် ပြန်လည်ဖြန့်ဝေ ထောက်ပံ့သွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်နယ်အတွင်း ဒေသခံပိုးတွေ့ လူနာနှင့် ၎င်းတို့၏ မိသားစုဝင် (၄၈၀၀)ဦးတို့အတွက် လူတစ်ဦးလျှင် တစ်နေ့ (၀.၅Kg)ဖြင့် ရက် (၂၀)စာ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး မကြာမီကာလတွင် ပထမအဆင့်အနေဖြင့် ရောဂါပိုးတွေ့ အတည်ပြုလူနာ (၃၅၇)ဦးနှင့် မိသားစုဝင် (၈၇၂)ဦး၊ စုစုပေါင်း(၁၂၂၉)ဦးတို့အားစတင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဆန်အိတ်များကိုလည်း စနစ်တကျ သိုလှောင်ထားပြီး နောက်ထပ်တိုးလာမည့် ပိုးတွေ့လူနာများကို ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။

အဆိုပါ ဆန်ရိက္ခာကို ကိုဗစ်-၁၉ရောဂါ ခံစားနေရသည့် ပြည်သူများအတွက် APTERR ၏ Tier-၃ အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၆၀၀)အနက် ကချင်ပြည်နယ်မှ ဆန်တန်ချိန် (၄၈)တန် (40 kg-ဆန်အိတ်ပေါင်း ၁၂၀၀ အိတ်)ကို လက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း ယမန်နေ့ (၂၇.၁၂.၂၀၂၀)ရက်နေ့အထိ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲတွေ့ရှိမှု အခြေအနေနှင့် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ (၅၉၀)ဦးရှိကြောင်း ထုတ်ပြန် ကြေညာထားသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)