ဝါးခယ်မ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် နှစ်စဉ်အစဉ်အလာမပြတ် ကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို (၁၅)ကြိမ်မြောက်အဖြစ် ယနေ့ နံနက် ၉ နာရီက စတင်ကာ ယာယီအပူဇော်ခံမည့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပင့်ဆောင် ပူဇော်လျက်ရှိသည်။
ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်တော်တွင် ကိန်းဝပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား (၁၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပူဇော်ပွဲအဖြစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ပင့်ဆောင် အပူဇော်ခံ သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များအနေဖြင့် မိမိတို့ပူဇော်ရမည့် ဘုရား မဏ္ဍပ်များတွင် လူ(၃၀)ဦးထက်ပို၍ စုဝေးခြင်းများ မပြုလုပ်ကြရန်နှင့် ဘုရားအနေကဇာတင်ခြင်း၊ ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း များအား အစဉ်အလာအတိုင်း ဆောင်ရွက်ရန်နှင့် မဏ္ဍပ်အတွင်း လက်သန့်ဆေးရည်များ၊ လက်ဆေးရန် ဆပ်ပြာနှင့်ရေများ ထားရှိဆောင်ရွက်စေရေးစသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။
ယာယီအပူဇော်ခံမည့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များရှိ မဏ္ဍပ်များတွင်သုံးရက်ကြာ အပူဇော်ခံပြီး ယခင်နှစ်များ ကဲ့သို့ နှစ်သစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မြို့နယ်အတွင်းသို့ စီတန်းလှည့်လည်ခြင်းများ ပြုလုပ်ဆောင်ရွက် သွားမည် မဟုတ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)