ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာ (၉)ရွာတွင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ကန်ကြီးထောင့်   ဒီဇင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာ (၉)ရွာတွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၇၈ သန်းဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၉ ရက်၊ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ (TPIC) ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က စီမံကိန်းလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာရေကော်မတီများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တာဝန် ရှိသူများက စီမံကိန်း လုပ်ငန်းဆောင်ရွက်သွားမည့် အထွေထွေကိစ္စရပ်များနှင့်ပက်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေး အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ကျေးရွာ (၉)ရွာမှ ဒေသခံ‌ပြည်သူ (၃၆၀၀)ကျော်ကို အကျိုးပြုမည့် တွင်းနက် (၅)တွင်း နှင့် မြေသားရေကန် (၄)ကန် တူးဖော်ခြင်းလုပ်ငန်းများကို တင်ဒါအောင် ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)