မြင်းခြံမြို့ အမှတ်(၆) စက်မှုလယ်ယာဦးစီးဌာနမှ စပါးခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်းလုပ်ငန်း များ ဝန်ဆောင်မှုပေး

မြင်းခြံ ဒီဇင်ဘာ ၂၉

မြင်းခြံမြို့ အမှတ်(၆) စက်မှုလယ်ယာဦးစီးဌာနမှ စပါးစိုက်တောင်သူများ အချိန်မီရိတ်သိမ်းနိုင်ရန် ကျေးရွာအရောက် စပါးခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်းလုပ်ငန်းကို ဝန်‌ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

"စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ စပါးစိုက်တောင်သူများ စပါးအချိန်မီရိတ်သိမ်းနိုင်ရေးနဲ့ နောက်စိုက်ပျိုးမယ့်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စပါးခြွေ လှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်း လုပ်ငန်းကို ကျေးရွာများအရောက်ဌာန၏ သတ်မှတ်နှုန်းထားများအတိုင်း ဝန်ဆောင် မှုပေးလျက်ရှိပါတယ်၊ စပါးတစ်ဧကကို လူနဲ့ရိတ်သိမ်းရင် ကုန်ကျငွေ ကျပ်တစ်သိန်းနှစ်သောင်း ကနေ ကျပ်တစ်သိန်းရှစ်သောင်းအထိ ကုန်ကျနိုင်ပါတယ်၊ စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပါက ငွေအကုန်အကျ သက်သာမယ် လုပ်သားရှားပါးမှုကိုလည်း လျော့နည်းစေတယ် နောက်စိုက်ပျိုးမယ့် သီးနှံကိုလည်း အချိန်မီစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြင်းခြံမြို့နယ်နှင့် တောင်သာမြို့နယ်တို့မှာ စပါးခြွေလှေ့စက် (၄) စီးဖြင့် ရိတ်သိမ်းပေးလျက်ရှိပြီး ယခုအချိန်ထိ စပါးခင်း (၂၂၅) ဧက ရိတ်သိမ်းပေးပြီးဖြစ်ပါတယ်"ဟု မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးစိန်မောင်တိုးက ပြောသည်။

မြင်းခြံမြို့ အမှတ်(၆) စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ကျေးရွာအရောက် စပါးခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်း၊ တောင်သူပိုင် လယ်ယာ သုံးစက်ကိရိယာငယ်များကို ကျေးရွာများအရောက်(အခမဲ့) ပြုပြင်ပေးခြင်း၊ တောင်သူများအနေဖြင့် ထွန်စက်ကြီးများဝယ်ယူ နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးခြင်း၊ ဌာနအနေဖြင့်လည်း ထွန်စက်ကြီးများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း၊ ထွန်စက်ကြီးများ ပြုပြင်နိုင်ရန်အတွက် စက်ပြင်ရုံ ဖွင့်လှစ်ထားလျက် ရှိပြီး တောင်သူများ အနေဖြင့် စသည့်ဝန်ဆောင်မှုများ ရယူလိုပါက မြို့နယ်စက်မှုလယ်ယာဦးစီးဌာန သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။                            

ကျော်စွာ(မြင်းခြံ)