ညောင်ဦးခရိုင်၊ ပုဂံမြို့သစ် ၌ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပုဂံ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ ပုဂံနယ်မြေရဲစခန်းမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဂံမြို့သစ်ရှိ ရှေးဟောင်းစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ပုဂံနယ်မြေရဲစခန်းမှ ရဲအုပ်ဇော်မင်းအောင် ဦးဆောင်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ကမ္ဘာလှည့်ရဲတပ်ဖွဲ့ ဝင်များသည် ပုဂံမြို့သစ်ရှိ ဘုရားအမှတ် ၁၀၄၄၊ ၁၀၄၅ တို့တွင် ဘုရားပုရဝုဏ်အတွင်းအပြင် တံမျက်စည်း လှည်းခြင်း၊ ဘုရားအဝင်လမ်းကြွေပြားရေဆေးခြင်း၊ အမှိုက်သိမ်းခြင်း၊ အမှိုက်စနစ်တကျစွန့်ပစ်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

အဆိုပါစုပေါင်းအမှိုက်ရှင်းလင်းရာသို့ ပုဂံနယ်မြေရဲစခန်းမှ ရဲအုပ်ဇော်မင်းအောင် ဦးဆောင်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ကမ္ဘာလှည့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း လုပ်အားဒါနပြုခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)