ဟင်္သာတ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ A အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချနေမှုရှိ/မရှိတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီနှင့် စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က ယနေ့နံနက်က ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဟင်္သာတမြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချခွင့်ရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင် ဆိုင်ထိုင်စားသုံးသူများအားလုံးကို ဆိုင်အဝင်တွင် ကိုယ်အပူချိန်တိုင်းတာစေခြင်း၊ လက်ဆေးဘေစင်ထားရှိဆောင်ရွက်ထားခြင်း၊ ဆိုင်အတွင်း စားသုံးသူများ တစ်ဦးနှင့်တစ်ဦး သီးခြားစီ စားနိုင်ရန် အကာ(သို့)အကန့်များထားရှိ ဆောင်ရွက်ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဗွီနိုင်းများ လူအများမြင်သာအောင် ထားရှိဆောင်ရွက်ထားခြင်း၊ ဆိုင်ဝန်ထမ်းများအနေဖြင့်လည်း နှာခေါင်းစည်း(Mask)၊ Face Shield၊ လက်အိတ်များ ထားရှိပေးခြင်းစသည့် ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဆိုင်များတွင် ဆောင်ရွက်ထားရှိရန်အချက်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)