တောင်သာ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၁၅)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အဆိုပါလူနာများသည် ဒီဇင်ဘာ(၁၈)ရက်နေ့က CBFQ များတွင် ဝင်ရောက်နေသူ(၇၁)ဦး တို့အားမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ RDT Kits ဖြင့်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့သူ ကျား(၂)ဦး၊မ (၅)ဦး၊ စုစုပေါင်း(၇)ဦးနှင့် ဒီဇင်ဘာ(၁၉)ရက်နေ့ က CBFQ များတွင်ဝင်ရောက်နေသူ(၈၀)ဦးတို့အားမန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့သူ ကျား(၂)ဦး၊မ (၆)ဦး၊စုစုပေါင်း(၈)ဦးတို့အား ရောဂါပိုးတွေ့ ရှိသဖြင့် ဒီဇင်ဘာ(၂၈)ရက်နေ့က တောင်သာမြို့ပြည်သူ့ ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး မိမိနေအိမ်တွင် Home Quarantine (၇)ရက်ဆက်လက်နေထိုင်သွားရမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများမှ မှာကြားခဲ့ကြောင်းသိရသည်။
တောင်သာမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၁၃၆)ဦးရှိပြီးဆေးရုံမှ ဆင်းခွင့်ရရှိသည့်လူနာ (၁၁၃)ဦး၊ သေဆုံးသူ(၁)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသည့်ပိုးတွေ့လူနာ(၂၂)ဦးကျန်ရှိကြောင်းသိရ
သည်။
ကျော်မျိုးနိုင်(တောင်သာ)