စဉ့်ကိုင် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက် နေသူများအား ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမှုနာများရယူခြင်းကို ယနေ့နံနက် (၉)နာရီ က သက်ဆိုင်ရာ Quarantine ထားရှိသည့်နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်မှ ကြီးကြပ်၍ ဒေါက်တာသိမ့်အိသူ ဦးဆောင်ပြီး ကျန်းမာရေးမှူးများဖြစ်ကြသော ဦးအောင်ကျော်သင်း ၊ ဦးမင်းနောင်၊ ဦးကျော်မင်းထွန်း နှင့် မြို့နယ်ပရဟိတ အဖွဲ့ဝင်များပူပေါင်း၍ ဘယ်လင်းကျေးရွာရှိ ကျောက်မိုင်းဝန်ထမ်းအိမ်ရာ၊ တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) ၊ တရုတ်စု (အ.လ.က) ၊ ဟင်းငူ(အ.ထ.က)၊ ပလိပ်(အ.ထ.က)တို့တွင် Quarantine ဝင်ရောက်နေသူ (၁၃၃ )ဦးတို့၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာများကိုရယူ၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့ဆောင် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုး တွေရှိသူများနှင့် ထိစပ်ခဲ့သူ (၁၁၅) ဦးကို RDT Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါတွေ့ရှိပါက ဆေးကုသခံယူစေရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်