နမ္မတူ ဒီဇင်ဘာ ၂၉
Christian Aid ၏ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မန်လီ၊ ပန်သပြေ၊ နားခိုလျံကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ မနန်းအေးနွမ်းနှင့် ဒေါ်ချိုချိုလှိုင် တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး အကြောင်းအရာများအား မြန်မာဘာသာဖြင့် လည်းကောင်း၊ ရှမ်းဘာသာဖြင့်လည်းကောင်း၊ တအာင်း (ပလောင်)ဘာသာဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများအား ရေမလိုလက်သန့် ဆေးရည်ဖြင့် လက်ဆေးစေကာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ အသိပညာပေး ဗီနိုင်းများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ကျေးရွာတစ်ရွာစီအတွက် ခြေနင်းလက်ဆေးဘေစင် (၁)စုံ၊ Hand Speaker (၁)ခု၊ Memory Stick (၁)ခု၊ အပူချိန်တိုင်းကိရိယာ (၁)ခု၊ ရေမလိုလက်သန့်ဆေးရည်များနှင့် လက်ဆေး ဆပ်ပြာခဲ (၁၂၁၀)ခဲအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေး အသင်းမှ ဦးအောင်ဆန်းမြင့်ထံက သိရသည်။
လူမော် (ပြန်/ဆက်)