မြိတ်မြို့တွင် စက်ရုံမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်

မြိတ် နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စက်ရုံမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း ကုမ္ပဏီ၊ အအေးခန်းနှင့် ငါးအမှုန့်ကြိတ်စက်ရုံတွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်ရုံသီးသန့်မီးသတ်တပ်ဖွဲ့နှင့် စက်ရုံဝန်ထမ်းများ ပူးပေါင်း၍ နိုဝင်ဘာ  ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ပထမဦးစွာ မီးလောင်မှုဖြစ်ပွားကြောင်း စက်ရုံသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များမှ အချက်ပေးခေါင်းလောင်းတီးခြင်းနှင့် မီးသတ်တပ်ဖွဲ့သို့ သတင်းပေးပို့ခြင်း၊ မီးလောင်မှုဖြစ်ပွားသည့် တည်နေရာကို ကြေညာခြင်း၊ စက်ရုံဝင်းအတွင်းရှိ နီးစပ်ရာမီးသတ်ဆေးဘူးများ၊ ရေငုတ်၊ ရေပက်ပိုက်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ အန္တရာယ်ဇုန် သတ်မှတ်၍ လုံခြုံရေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မီးသတ်ယာဉ်များရောက်ရှိနေရာယူ၍ မီးငြှိမ်းသတ်ရေးအဖွဲ့မှ Fire Point နေရာအား  မီးငြှိမ်းသတ်ခြင်းနှင့် မီးကူးစက်ပြန့်ပွားမှု မဖြစ်စေရေး မီးကူးစက်နိုင်သော နေရာများအား အအေးပေးစနစ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ရာတွင် ရေအဆက်မပြတ်ရရှိရေးအတွက် စက်ရုံသီးသန့်တပ်ဖွဲ့ဝင်များမှ စက်ရုံရေလှောင်ကန်တို့မှ မီးသတ်ယာဉ်များအား ရေဖြည့်တင်း ပေးခြင်းများ ဆောင်ရွက်နေစဉ်အတွင်း စက်ရုံဝန်ထမ်းများအနက် ပိတ်မိ/ဒဏ်ရာရနေသူများအား ရှာဖွေကယ်ဆယ်ပြီး ဘေးကင်းလုံခြုံသည့် နေရာ(စုရပ်)သို့ ပို့ဆောင်၍ အရေးကြီး လူနာများအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခြင်းများ လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ စက်ရုံသီးသန့်မီးသတ်တပ်ဖွဲ့နှင့် စက်ရုံဝန်ထမ်းများပူးပေါင်း၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှေကားတင်ယာဉ်(၂)စီး၊ လူနာတင်ယာဉ် (၁)စီးတို့ဖြင့်  ပြုလုပ်ခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် ဇာတ်တိုက်လေ့ကျင့်ခြင်း၏ အားသာချက်၊ အားနည်းချက် ဆွေးနွေးခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)