မြိတ် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် (GBV) အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့က အ-ထ-က(၈)ကျောင်း ဦးနီတိုးခန်းမတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိ ပညာပေး ဟောပြောခဲ့ကြသည်။
အသိပညာပေး ဟောပြောရာတွင် မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဥ္ဇူဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု၊ ကျား/မအခြေပြု အကြမ်းဖက်မှုများနှင့် အသက်အရွယ်မရွေး အကြမ်းဖက်ခံရနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်ချိုချိုစန်းက Online လိမ်လည်မှုအကြောင်းကို အသိပညာပေးဟောပြောပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု(GBV) ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား သိလိုသည်များကို မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပါဝင်ဖြေဆို ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား စာအုပ်လက်ဆောင်များပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)