ဘုတ်ပြင်း နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က ဘုတ်ပြင်း မြို့တော်ခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် ဘုတ်ပြင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ဘုတ်ပြင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာမဲရုံ အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများသည် လက်တွေ့မြေပြင်တွင် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ သိရှိနားလည်ဆောင်ရွက် တတ်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရာ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် သင်တန်းသား/သင်တန်းသူများအား ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ ဆောင်ရန်ရှောင်ရန်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ကဏ္ဍများနှင့် အီလက်ထရောနစ်မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၁၁၀) ဦး တက်ရောက်ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိတို့က စာတွေ့လက်တွေ့သင်ခန်းစာများကို နိုဝင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို ဘုတ်ပြင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)