ရွှေကူ ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် သက်ငယ်မုဒိမ်းဖြစ်ပွားခဲ့သော မိသားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့် မိသားစု၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ဖြစ်ကြသော ရွှေကူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၄) ဦးအား ကိုဗစ်−၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ထပ်ဆောင်းငွေအဖြစ် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၂၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ရွှေကူမြို့နယ် တိန်းဟွန်း ကျေးရွာအုပ်စုအတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားခဲ့သော မိသားစုအတွက် ကလေးတရားရုံး တက်ရန်စရိတ် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်အား ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက မိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးနှင့် မိသားစုအား စိတ်ဓာတ်ခွန်အား ဖြစ်စေရန်အတွက် နှစ်သိမ့်ဆွေးနွေး စကားများ ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ထူးလွင်နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများနှင့် သက်ငယ်မုဒိမ်းဖြစ်ပွားခဲ့သော မိသားစု၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)