ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၅) ဦး လွှတ်ပေး

မြိတ် နိုဝင်ဘာ ၂၇

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၅) ဦးအား ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က လွှတ်ပေးခဲ့သည်။

ထို့သို့လွတ်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား (၁) ဦးနှင့် အကျဉ်းသူ (၄) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၅) ဦးအား ဒုတိယမြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်နှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)