မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က (A)အဆင့်ရှိ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် လိုက်လံစစ်ဆေးရေး၊ နိုင်ငံတကာနှစ်သစ်ကူးနေ့တွင် ရပ်ကွက်/ကျေးရွာများတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး၊ အခြားပြည်နယ်များမှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များအား အထူးကြပ်မတ်စစ်ဆေးရေး၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊  ကိုဗစ်-၁၉  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ရေး ရှင်းလင်းပြောကြားသည်။

မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက Stay At Home ကြေငြာထားသော မြို့နယ်များမှ ဝင်ရောလာသူများအား Facility Quarantine၊ Home Quarantine ထားရှိရေး၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်သောကြောင့် လေယာဉ် ခရီးစဉ်နေ့ မရောက်မီ လေယာဉ်ကွင်းတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား Test Kit ဖြင့် စစ်ဆေး နိုင်ရေး၊ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်မှအပ ကွင်းအတွင်း ဝင်ရောက်ခွင့်မပြုရေး၊ အခြားတိုင်း နှင့် ပြည်နယ်များမှ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသူများအား Facility Quarantine၊ Home Quarantine ထားရှိရေးနှင့် Swab နမူနာများရယူစစ်ဆေးမည့်အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် ခရီးသွား ရာဇဝင်များ စနစ်တကျမှတ်တမ်းထားရှိရေး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးထားသော ကျန်းမာရေး ဆေးစစ်ချက်လက်မှတ်များ စစ်ဆေးရေး စသည့်အချက်များဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)