မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃)ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း (၁၃)ဦး ဆေးကုသမှုခံယူလျက်ရှိ

မူဆယ်       ဒီဇင်ဘာ     ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာ စုစုပေါင်း(၅၄)ဦးရှိရာ (၄၁)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် လက်ရှိအမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း (၁၃)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း မူဆယ်မြို့၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ပြန်လည်သက်သာလာတဲ့ လူနာတစ်ဦး မနေ့က ဆေးရုံက ဆင်းတယ်၊ ဒီနေ့နှစ်ယောက် ထပ်ဆင်းတယ်၊ စွမ်စော် ရပ်ကွက်မှာ နေထိုင်တဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့တဲ့သူတွေကို ဒီနေ့ထပ်မံ ဆေးစစ်ကြည့်တော့ (၃)ဦးထံမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်တွေ့ပါတယ်၊ စုစုပေါင်း(၁၃)ဦး ဆေးကုသမှု ခံယူနေပါတယ်”လို့ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယမန်နေ့က မူဆယ်မြို့၊ ကမ္ဘောဇဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးထံ၌ ရောဂါပိုးတွေ့ရှိပြီး ၎င်းနှင့် ထိတွေ့သူများကို ကျန်းမာရေး ထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။ လက်ရှိဆေးကုသမှု ခံယူနေသည့် ပိုးတွေ့ လူနာများထဲတွင် မူဆယ်မြို့၊ ရဲတပ်ဖွဲ့ဝင်၊ ယာဉ်မောင်းများနှင့် မူဆယ်မြို့၊ (၁၀၅)မိုင်မှာ နေထိုင်တဲ့ ဒေသခံ ပြည်သူများဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်မှာ နေထိုင်ကြတဲ့ တစ်ယောက်ထံမှာ ပိုးတွေ့ရှိတယ်၊ အခန်း တစ်ခု ထဲမှာ (၅)ယောက် နေထိုင်ကြတာပေါ့နော်၊ ကျန်တဲ့ တစ်ယောက်က အနံ့ပျောက်တယ်၊ တစ်ယောက်က ချောင်းဆိုးတယ်၊ နောက် တစ်ယာက်က ခေါင်းမူးတယ်ဆိုပြီး ဆေးစစ် လိုက်တော့ အကုန်လုံးထံမှာ ပိုးတွေ့ရှိသွားပါတယ်”လို့ မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ဆပ်ကော်မတီအဖွဲ့ဝင်၊ ကရုဏာလူမှုကူညီရေးအသင်း ဉက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။ အဆိုပါ ပိုးတွေ့လူနာနေထိုင်သည့် နေအိမ်များကို (Lock Down)ချခြင်းနှင့် အနီးကပ်ထိတွေ့သူများကို စနစ်တကျ စောင့်ကြည့်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မူဆယ်မြို့အဝင်၌ နံနက် (၈)နာရီ အချိန်မှ ညနေ(၅)နာရီ အချိန်အထိ ကျန်းမာရေး စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ မြို့အဝင်ဂိတ်မှ ဝင်ရောက် လာသူတိုင်းကို ကျန်းမာရေး အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ရန်နှင့် စစ်ဆေးမှုများ ရပ်နားနေစဉ်တွင် အခြား ဒေသမှ ဝင်ရောက်လာမှုတို့ကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အခက်အခဲ အနည်းငယ် ရင်ဆိုင် နေရကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးကော်မတီထံက သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)