ကိုဗစ်ကာလ ကော့သောင်းမြို့ပင်လယ်တံငါရွာ ရေလုပ်သားမိသားစုများ ပင်လယ်ရေဘဝဲ ဖမ်းယူသည့်လုပ်ငန်းဖြင့် စားဝတ်နေမှုအဆင်ပြေလျှက်ရှိ

ကော့သောင်း ၊ ဒီဇင်ဘာ ၂၉

ကော့သောင်းမြို့နယ်၊ ပင်လယ်တံငါရွာတစ်ချို့တွင် ကိုဗစ်၁၉ရောဂါထိန်းချုပ်မှုကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ အခက်အခဲဖြစ်ပေါ်ခဲ့ကြရာ  ယခု လပိုင်းအတွင်း ပင်လယ်ရေလုပ်သား မိသားစုများ “ဘဝဲပိုင်” ခေါ် ပင်လယ်ရေဘဝဲ ဖမ်းယူသည့် လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အခက်အခဲတစ်ချို့ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

ဘဝဲပိုင်လုပ်ငန်းကို ကော့သောင်းမြို့နယ်အတွင်းရှိကျေးရွာများဖြစ်သည့် မပုတေးနှင့် ချန်းဖမ်းကျေးရွာများတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းအပြင် ကျေးရွာနေရေလုပ်သားများ အများဆုံးလုပ်ကိုင်ကြသည့် ငါးဖမ်းကိရိယာ တစ်မျိုးမှာ "ဘဝဲပိုင်" ခေါ် ခရုသီကြိုးတန်း ရေဘဝဲထောင်ကရိယာဖြင့် ပင်လယ်ရေဘဝဲများကို ဖမ်းယူ ရောင်းချကြခြင်းဖြစ်သည်။

ဘဝဲပိုင် ဆိုသည်မှာငါးလက်မ၊ ခြောက်လက်မအရွယ် ကြွေခရုအခွံလေးများအား  ခေါင်းပိုင်းတွင် အပေါက်ဖောက်၍   ကိုးပေခန့်အကွာတွင်တစ်လုံးစီချည်၍  ငါးဖမ်းလှေငယ်ဖြင့် ပင်လယ်ပြင်သို့ ထွက်ကာ  ရေဘဝဲလေးများ ထောင်ဖမ်းသော ခရုသီကြိုးတန်း ကိုခေါ်ကြောင်းသိရသည်။ ဘဝဲပိုင်တစ်ဖုံတွင် ခရုခွံအလုံးရေ (၂၀၀) ခန့်ထိသွယ်တန်းထားလေ့ရှိပြီး ဘဝဲဖမ်းလှေငယ်တစ်စီးတွင် ဘဝဲပိုင် ၁၈ ဖုံမှ ၂၀ ဖုံအထိပါရှိကာ   ညပိုင်းတွင် ပင်လယ်ပြင်သို့သွားရောက် မျှားတန်းချထောင်၍  နောက်တစ်နေ့ နံနက်ပိုင်းတွင် ပြန်လည် ဆယ်ယူကာ ကြိုးတန်းတစ်လျှောက်သွယ်တန်းထားသည့် ခရုခွံငယ်အတွင်း ဝင်ရောက်ခိုအောင်းနေသည့် ပင်လယ်ရေဘဝဲငယ်လေးများအားစုဆောင်းရောင်းချကြခြင်းဖြစ်သည်။   

အဆိုပါ ပင်လယ်ရေဘဝဲဖမ်းယူနည်းသည် ကိုးရီးယာနိုင်ငံ ပင်လယ်ရေလုပ်သားများလည်း အသုံးပြု ဖမ်းယူကြကြောင်း သိရသည်။ ၎င်းနည်းသည် မည်သည့်ငါးမျှားအစာမှမလိုအပ်ပဲ ခရုခွံအတွင်း လာရောက် ခိုအောင်းနေသည့် ရေဘဝဲများကို  ဖမ်းယူစုဆောင်းခြင်းဖြစ်ရာ လှေငယ်တစ်စီး ဘဝဲပိုင် ၂၀ ဖုံ အထိထောင်ပါက တစ်ရက်လျှင် ပင်လယ်ရေဘဝဲ ၄၅ ကီလိုခန့် စုဆောင်းရရှိနိုင်ကြောင်း၊ အထူးသဖြင့်ဆောင်းရာသီ ဒီဇင်ဘာလအတွင်း အများဆုံးဖမ်းယူရရှိနိုင်ကြောင်း ၊ မပုတေးကျေးရွာတွင် ကမ်နီးဘဝဲပိုင်လှေငယ် ၁၅၀ ကျော်ခန့် ရှိပြီး တစ်နေ့လျှင်ကီလို ၂၆၀၀ ကျော်ရရှိနိုင်ကြောင်း ကျေးရွာရှိ အဝယ်ဒိုင် မှဝယ်ယူသည့်ဈေးအရ ဘဝဲတစ်ကီလို (၄၇၀၀)ကျပ် ရှိကြောင်းသိရသည်။

ရေဘဝဲထောင်ဖမ်းသည့် ခရုကြိုးသီ ဘဝဲပိုင်ကရိယာသည် အဆိပ်ချ၊ လျပ်စစ် ရှော့တိုက်၊ ငါးမိုင်းခွဲ၊ ထွန်ခြစ်ဆွဲ ငါးဖမ်းနည်းများထက် ပင်လယ်သဘာ၀ သယံဇာတကို  ထိန်းညှိနိုင်ပြီး မိမိလိုအပ်သော အရွယ်အစားကိုသာ ဖမ်းယူသော ရှေးရိုးကြ ပင်လယ်ရေသတ္တဝါဖမ်းဆီးသည့် ကိရိယာတစ်မျိုးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်အရသိရသည်။

ပင်လယ်ရေဘဝဲဟင်းလျာ မှာဟိုတယ်ကြီးများ နှင့်စားသောက်ဆိုင်များတွင်တန်ဖိုးကြီးဟင်းလျာ တစ်မျိုးဖြစ်ပြီး ၊ ထိုင်းနိုင်ငံလမ်းဘေး ဈေးဆိုင်များတွင် ရေဘဝဲအား ဟင်းခပ်အမွှေးအကြိုင်များဖြင့်စီမံကာ မီးသွေးမီးဖြင့်ကင်၍ နှစ်သက်စွာရောင်းချစားသုံးလေ့ရှိရာ ဖမ်းယူစုဆောင်းရရှိသည့် ရေဘဝဲကုန်ကြမ်းများအား ဒေသခံ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းခွင့်လုပ်ငန်းလိုင်စင်ရယူထားသည့် အသေးစား ရေလုပ်ငန်းရှင်များမှ တဆင့် ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့ရောင်းချကြသဖြင့် ကျေးရွာ ဘဝဲပိုင် ရေလုပ်သားမိသားစုများ ကိုဗစ်ကာလအတွင်း ဝင်ငွေတိုးလျှက် စီးပွားရေးအဆင်ပြေလျှက်ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)