မန္တလေး ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် COVID-19 ရောဂါကပ်ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေခြင်း အကျိုးတရားများကို ရည်ရွယ်၍ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၃ ရက်အထိ နေ့စဉ် ညနေ(၃) နာရီ တွင် မန္တလေးခရိုင် အတွင်းရှိနေရာ (၁၀)နေရာ၌ COVID-19 ညွှန်ကြားချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့ နှစ်ဦးပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ရာတွင် COVID-19 ညွှန်ကြားချက်များနှင့်အညီ မန္တလေးမြို့ရှိ စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်မှ သံဃာတော်များ၊ အရှေ့ခင်မကန်တိုက်ကထိန်တော်ကျောင်းမှ သံဃာတော်များနှင့် ဓမ္မဓရဝါဆိုကျောင်းတိုက်မှ သံဃာတော်များက ဇန်နဝါရီ ၁ ရက်တွင် ချမ်းအေးသာစံမြို့နယ် မန္တလေးဈေးချိုနာရီစင်၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်တော်၊ ချမ်းအေးသာစံမြို့နယ် လမ်း၇၀ နှင့်၇၁ လမ်းကြား မင်္ဂလာတံတားအနီး၊ ဇန်နဝါရီ ၂ ရက်တွင် ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးဝန်းကျင်နှင့် ပြင်ဦးလွင်အတက် ဘိုးဘိုးကြီးနတ်နန်းအနီး၊ အမရပူရမြို့နယ် အိုးတော်ရပ်၊သံလမ်းလမ်းဆုံ၊ မဟာအောင်မြေမြို့နယ် ဥပေစိဘုရားတောင်ဘက်နှင့် ဇန်နဝါရီ ၃ ရက်တွင် ပုသိမ်ကြီးမြို့နယ်တွင် ပုသိမ်ကြီးမြို့နာရီစင်နှင့် ရန်ကင်းတောင် ဘုရားအနီးနှင့် ပြည်ကြီးတံခွန်မြို့နယ် အင်းခရုဘုရားတို့တွင် ရွတ်ဖတ်ပူဇော်သွားဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း COVID-19 ညွှန်ကြားချက်များနှင့်အညီ တရားတော်များ နာယူကြည်ညိုနိုင်ပါကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)