ရွှေကူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

                                           ရွှေကူ        ဒီဇင်ဘာ        ၂၉                                                                                                                  

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရွှေကူမြို့နယ်အတွင်း ကျေးရွာများရှိ (၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ်များနှင့် (၃)နှစ်မှ (၅)နှစ်အရွယ် ကလေးသူငယ်များအတွက် ကျေးရွာများ၌ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိဘများ၏ စားဝတ်နေရေးနှင့် စီးပွားရေးလုပ်ငန်းများ စိတ်ချစွာဆောင်ရွက်နိုင်ခြင်း၊ မိခင်ဝိုင်းများမှ ကလေးသူငယ်များအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး        နည်းပညာများ ပြုစု သင်ကြား ပေးနိုင်သည့်အတွက် ကျေးရွာများတွင် မိခင်ဝိုင်းများဖွင့်လှစ်ဆောင် ရွက်ပေးနိုင်ရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရန်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ အပြန်အလှန်ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု၊ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)