တောင်ကြီးမြို့ သဘာဝအရင်းအမြစ်ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲနှင့် Mask Campaign တိုးမြှင့်ဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

တောင်ကြီး  ဒီဇင်ဘာ  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်စီမံခန့်ခွဲ့မှုကော်မတီမှ ဦးဆောင်ကျင်းပသော တောင်ကြီးမြို့ သဘာဝ အရင်းအမြစ် ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲနှင့် တောင်ကြီးခရိုင် Mask Campaign တိုးမြှင့်ဆောင်ရွက်ရေး အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက အဖွင့်အမှာစကား ပြောကြားပြီး၊ တောင်ကြီး ခရိုင်စီမံခန့်ခွဲ့မှု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုလွင်က တောင်ကြီးမြို့၊ ကျက်သရေဆောင် တောင်စွယ်တောင်တန်းများ၊ တောတောင်သဘာဝအလှ၊ ရေဝေရေလဲဂေဟနစ်များ ပျက်စီးဆုံးရှုံးမှုများကို အချိန်မီကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ တောင်ကြီးဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက Working Group တွင် ပါဝင်ဖွဲ့စည်းမည့် ပုဂ္ဂိုလ်များအနေဖြင့် ဌာနဆိုင် ရာမှ ကိုယ်စားလှယ်များထက် ဒေသခံပြည်သူလူထု အများစုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် Implementation Strategy ပြီးမြောက်အောင်လုပ်ဆောင်နိုင်မည့် လုပ်ငန်းဆောင်ရွက်မှုကို တင်ပြဆွေးနွေးခဲ့ပြီး နောက် တက်ရောက်လာ သော ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်ကြီးခရိုင်စီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် က Mask Campaign တိုးမြှင့်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား​ ပြောကြားပြီး တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရပ်စောက်မြို့နယ်တို့မှ မြို့နယ်စီမံခန့်ခွဲ့မှု ကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် ကြမည့် လုပ်ငန်းများကိုလည်းကောင်း၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တာဝန် ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ တောင်ကြီး ခရိုင် စီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်၊ တောင်ကြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)