သရက်ချောင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာပန်းတောမူလွန် (က)အသင်း၊ ပန်းတောမူလွန် (ခ) အသင်း၊ (အ-ထ-က) သရက်ချောင်း (က) အသင်း၊ (အ-ထ-က) သရက်ချောင်း (ခ) အသင်း၊ အ-ထ-က (ခွဲ) တီထွတ်ပြင်အသင်း၊ အ-ထ-က (ခွဲ) ပိန်းတောအသင်းတို့မှ အားကစားသမားများအား သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် လိုက်နာရမည့်စည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်ပြိုင်ပွဲအားကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် (အ-ထ-က) သရက်ချောင်း (ခ) အသင်းနှင့် ပန်းတောမူလွန် (က) အသင်း၊ အ-ထ-က (ခွဲ) တီထွတ်ပြင်အသင်းနှင့် အ-ထ-က (ခွဲ) ပိန်းတောအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး (အ-ထ-က) သရက်ချောင်း (ခ) အသင်းက ၆ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ အ-ထ-က (ခွဲ) တီထွတ်ပြင်အသင်းက ၄ဂိုး ၂ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြောင်း အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)