တာချီလိတ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေ့တန်းမှပါဝင်ကူညီ ဆောင်ရွက်ပေးကြသော စေတနာ့ဝန်ထမ်း လုပ်အားရှင်များအား ဝေ့စကုတ်တူညီဝတ်စုံအင်္ကျီများ ထောက်ပံ့ပေးခြင်းကို ယနေ့ ညနေပိုင်းအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ အမှာစကား ပြောကြားခဲ့ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နှင့်အတူ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ပေးခြင်း၊ မည်သည့်အဖိုးအခကိုမျှ မျှော်ကိုးခြင်းမရှိဘဲ မိမိဆန္ဒသဘောအလျောက် စေတနာ့ဝန်ထမ်းအလုပ်ကို နေရာဒေသမရွှေး အခက်အခဲများကြားမှ အချိန်ပြည့် စေတနာအပြည့်ဖြင့် ပါဝင်ကူညီပေးသည့် အတွက် အထူးပင် ကျေးဇူးတင်လေးစားမိပါကြောင်း၊ ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မိမိတို့နှင့်အတူ ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက စေတနာ့ဝန်ထမ်းလုပ်အားရှင် (Volunteer)၃၆ ဦးအား တာချီလိတ်မြို့ အမှတ်တံဆိပ်နှင့် စာတန်းပါဝေ့စကုတ် တူညီဝတ်စုံများကို တစ်ဦးချင်းဆီ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။
ယာဆေး(ပြန်/ဆက်)