ရွာငံမြို့နယ်အတွင်းရှိ Quarantine Center များတွင် ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ခွဲဝေပေးအပ်

ရွာငံ   ဒီဇင်ဘာ   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြို့နယ်ကိုဗစ်ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် ကိုဗစ်ကာကွယ်ရေးကော်မတီမှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ခွဲဝေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူက ခွဲဝေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရွာငံမြို့နယ်အတွင်းရှိ Quarantine Center များဖြစ်သော မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး၊ မြို့ကြီး(အ-ထ-က)၊ မြို့ကြီးဆေးရုံ၊ ကျွန်းကြီး၊ ဆည်ရွာ (ထခွဲ)၊ တောင်ခေါင်းပွာ၊ ညောင်အိုင်၊ ယကြီး၊ မြိုင်၊ အင်းကြီး၊ မျှားကလေး၊ နွားဘန်းကြီး၊ ဒုတ္ထိုးရေ၊ ရွာငံဆေးရုံ (၁၃)နေရာများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော Volunteer များအတွက် PPE Level-3 ဝတ်စုံ၊ လက်ရှည်ဖိနပ်၊ ပိုးသတ်ဆေးရည်၊ ဆေးဖြန်းပုံး၊ အပူချိန်တိုင်းစက် ဘေစင်၊ အမှိုက်ပုံးကြီးစသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)