မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးသည့် တရုတ်နိုင်ငံသား(၄)ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

မူဆယ် ဒီဇင်ဘာ  ၃၀

မန္တလေးမြို့ (ဗဟို)အကျဉ်းထောင်၌ လဝကအက်ဥပဒေပုဒ်မ -၃(၁)၁၃(၁)အရ အပြစ်ဒဏ်ကျခံထားရသော တရုတ်နိုင်ငံသား (၅)ဦးသည် ပြစ်ဒဏ်စေ့၍ ဒီဇင်ဘာလ (၂၈)ရက်နေ့ က မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တရုတ်နိုင်ငံ၊ ရွှေလီပြည်ဝင်/ပြည်ထွက် နယ်စပ်ကာကွယ်စစ်ဆေးရေးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးခဲ့ရာ (၄)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတရုတ်နိုင်ငံ၊ အမျိုးသား(၅)ဦးသည် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ပြစ်ဒဏ်စေ့၍ မန္တလေးမြို့ (ဗဟို) အကျဉ်းထောင်မှ ပြည်လည်လွတ်မြောက်ခဲ့ပြီး မူဆယ်မြို့၊ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးအပ်ပြီးနောက် ၎င်းတို့အနက် (၄)ဦးထံတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၊ ရွှေလီပြည်ပရေးရာဌာနမှ အကြောင်းကြားလာသည်။

လွှဲပြောင်းပေးသည့် တရုတ်နိုင်ငံ၊ တစ်ဖက်နိုင်ငံသားပိုးတွေ့လူနာ (၄)ဦးနှင့်ပတ်သက်၍ ယနေ့၊ မွန်းလွဲအချိန်က နှစ်နိုင်ငံအဝင်/အထွက်ဂိတ် နန်းတော်ဂိတ်တွင် မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ဦးဆောင်သည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ရွှေလီ ဒုတိယမြို့တော်ဝန် မစ္စတာရှောက်ရှင်းဝေ ဦးဆောင်သည့် နယ်စပ်တာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသားများကို ပြန်လည်လွှဲပြောင်းရေးနှင့် ပတ်သက်ပြီး အန္တလေးအကျဉ်းထောင်မှ စစ်ဆေးပေးသည့် ကျန်းမာရေးဆေးထောက်ခံချက်ကို လက်ခံခြင်းမပြုဘဲ ကျန်းမာရေးဌာနမှ တရားဝင်စစ်ဆေးပေးသည့် ဆေးထောက်ခံချက်ဖြင့်သာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးသည်။

တဖက်နိုင်ငံ၊ တရုတ်နိုင်ငံသား (၅)ဦးနှင့် အနီးကပ်ထိတွေ့သူခဲ့များကို ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် မူဆယ်ခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)