ထားဝယ် နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၃၃)ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ(၈)ရပ်ကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်(ဧပြီလမှ အောက်တိုဘာလထိ)တွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာဌာနများအနေဖြင့် အသက်မွေးဝမ်းကျောင်း သင်တန်းပေါင်း (၇၆) ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျား(၆၉၅)ဦး၊ မ(၁၆၈၂)ဦး၊ စုစုပေါင်း(၂၃၇၇)ဦး တက်ရောက်သောကြောင့် အလုပ်ရစုစုပေါင်း မ(၄၂)ဦးနှင့် တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက အခြေခံစက်ချုပ်သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် လုပ်ငန်းကော်မတီဝင်များကသင်တန်းသူ ၁၅ ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သင်တန်းသူများ စက်ချုပ်နေမှုနှင့် အဝတ်အထည်များချုပ်လုပ်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)