ကော့သောင်းမြို့၌ ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကော့သောင်း နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းဇော်မိုးက ပြည်တွင်းအခွန်ဦးစီးဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာများ အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာများ၊ အခွန်အကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရွှေဆိုင်လုပ်ငန်းရှင်အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များမေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကော့သောင်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ကော့သောင်းမြို့နယ်အခွန်ဦးစီးဌာနရုံးမှတာဝန်ရှိသူများက "ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ" သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)