ကျွန်းစုမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ကျွန်းစု ဒီဇင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ ၂၆ ရက်မှ မှ ၃၀ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အဖွဲ့များခွဲ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌနှင့် အတွင်း‌ရေးမှူးများက ရပ်ကွက်ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းများဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ပါဝင်မှုမရှိသေးသူများအား ပုံစံ(၃)ဖြင့် လျှောက်ထားဆောင်ရွက်ခြင်းများကို Door to Door ဖြင့်  တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိသည်။

အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်း ထုတ်ပြန်ကြေညာသည့်ရက်မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)