တာလေ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ် (၃)ရပ်ကွက်မှ အိုက်မုန့်ဆိုသူ အမျိုးသားသည် တာလေမြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက် နေရာမှ ပြန်လည်ရောက်ရှိနေကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းက ၄င်းနေထိုင်သည့် နေအိမ်တွင် အသွားအလာကန့်သတ် Home Quarantine ထားရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်နေခဲ့ပြီး တာလေမြို့ အမှတ်(၃)ရပ်ကွက်နေသူ မိခင်ဆုံးပါးသွား၍ ထိုင်းဘက်မှ နေအိမ်သို့ ပြန်လည်ရောက် ရှိနေကြောင်း သိရှိရသဖြင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ သွားရောက်ပြီး ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် အိုက်မုန့် ဆိုသူ အမျိုးသား အား Covid-19 ရောဂါ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ခရီးသွားရာဇဝင်များ မေးမြန်း စစ်ဆေးကာ ၎င်းသွားလာခဲ့သည့် အနီးအနား ပတ်ဝန်းကျင်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးများ ဖျန်းပေးပြီး နေအိမ်တွင် အသွားအလာကန့်သတ် Home Quarantine ထားရှိ၍ ရောဂါကူးစက်ခံထားရခြင်း ရှိ မရှိ စောင့်ကြပ် စစ်ဆေးသွားမည် ဖြစ်ကြောင်း တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)