သရက်ချောင်း ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ လာရောက်အားပေးကြကာ ပြိုင်ပွဲအား စတင်ခဲ့သည်။
ရှေးဦးစွာ ဌာနဆိုင်ရာအသင်းနှင့် သရက်ချောင်း Old Star အသင်းတို့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဗိုလ်လုပွဲစဉ်အဖြစ် (အ-ထ-က) သရက်ချောင်း (က) အသင်းနှင့် (အ-ထ-က) သရက်ချောင်း (ခ) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာ ပွဲချိန်ပြည့်တစ်ဖက် ၂ဂိုး စီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်အဖြစ် (အ-ထ-က) သရက်ချောင်း (က) အသင်းက ၄ဂိုး ၃ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်က ဂိုးသမားအကောင်းဆုံးကစားသမားဆုရရှိသော (အ-ထ-က) သရက်ချောင်း (ခ) အသင်းမှ မောင်ဒီမင်းဦးအား ဒိုင်းဆုနှင့် ငွေသားဆု ချီးမြှင့်ခြင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာလာထွန်းက ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိသော (အ-ထ-က) သရက်ချောင်း (က) အသင်းမှ မောင်ထင်လင်းဦးအား ဒိုင်းဆုနှင့် ငွေသားဆုချီးမြှင့်ခြင်း၊ ပြိုင်ပွဲတွင် ပထမရရှိသော (အ-ထ-က) သရက်ချောင်း (က) အသင်းနှင့် ဒုတိယရရှိသော (အ-ထ-က) သရက်ချောင်း (ခ) အသင်းတို့မှ အားကစားသမားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များက တစ်ဦးချင်းလည်ဆွဲဆုများနှင့် ငွေသားဆုများကို လည်းကောင်း၊ ပထမရရှိသော (အ-ထ-က) သရက်ချောင်း (က) အသင်းအား တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း အသီးသီး ဆုချီးမြှင့်ပေးခဲ့ပြီးနောက် ဆုရရှိသောပြိုင်ပွဲဝင်အသင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)