သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

 

သီပေါ ဒီဇင်ဘာ ၃၀   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများ အတွက်   စားသောက်ကုန် (၇)မျိုးအား ယမန်နေ့   မွန်းလွဲပိုင်းက နှလုံးသားပရဟိတ(သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက် ထောက်ပံ့ ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များကိုယ်စား နှလုံးသားပရဟိတအဖွဲ့(သီပေါ)မှ  တာဝန်ရှိသူများက ပန်စောက်မိန်း ကျေးရွာများရှိ  အခြေခံ လူတန်းစား အိမ်ထောင်စု(၅၀)စုအား  စားသောက်ကုန် (၇)မျိုးစီ ထောက်ပံ့ ပေးအပ် လှူဒါန်း ခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲ ရှိသော အိမ်ထောင်စုများသို့လည်း ဆက်လက် ထောက်ပံ့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း ၊ ထို့အပြင်ကျေးရွာနေ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာသည့် အလေ့အကျင့် ရရှိလာစေရန် နှာခေါင်းစည်း (Mask)များ ပေးဝေကာ အသိပညာ ပေးခြင်းနှင့်ကလေးငယ်များ ကိုလည်း မုန့်၊ Ovaltine အထုတ်များ ပေးဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှလုံးသားပရဟိတအဖွဲ့(သီပေါ)သည် ကိုဗစ်−၁၉ကာလအတွင်း သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များရှိ စားဝတ်နေရေးအခက်အခဲရှိ သောအိမ်ထောင်စုများအား ကွင်းဆင်းစာရင်းများကောက်ယူ၍ တစ်လလျှင် (၂)ကြိမ် ရပ်ကွက်၊ကျေးရွာများသို့ အလှည့်ကျထောက်ပံ့ပေးအပ်လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)