မြိတ် ဒီဇင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။
ပညာပေးသင်တန်းကို မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပညာပေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းစတင်ရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက သင်ကြားပို့ချပေးသည်။
အဆိုပါသင်တန်းကို မြိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် မဲရုံ (၈၁) ရုံ၌ တာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၂၀၂) ဦး တက်ရောက်ခဲ့ကြပြီး မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလက်စွဲလမ်းညွှန်နှင့် MEVM မဲပေးစက် အသုံးပြုခြင်း လက်စွဲလုပ်ငန်းလမ်းညွှန်ဘာသာရပ်များကို ဒီဇင်ဘာ (၁) ရက်မှ (၃) ရက်အထိ စာတွေ့၊လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)