မြိတ် ဒီဇင်ဘာ ၁
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ်ဆုရရှိခဲ့သူအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို မြိတ်ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဂုဏ်ပြုဆုချီးမြှင့်ရာတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး အောင်နိုင်ရေးကြီးကြပ်အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်နန်းနန်းက ပြိုင်ပွဲကာလတစ်လျှောက် တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအောင်နိုင်ရေးကြီးကြပ်အဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများပေးအပ်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သူအား မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ရာ ဆုရရှိသူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)