နွားထိုးကြီး ဩဂုတ် ၅
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ် ရိက္ခာ စားအုန်းဆီ တန်ချိန် ၄၂ တန် (ဆီပုံး-၂၅၈၇ ပုံး) ထဲမှ စားအုန်းဆီ ၁၇၉၈ ပုံး (တန်ချိန် ၂၉ တန်)ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ဇူလိုင် ၃၀ ရက်နေ့တွင် စတင်လက်ခံသိုလှောင်နေပြီဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲအစီအစဉ်ဖြင့် ခရိုင်၊ မြို့နယ်များတွင် လက်ခံသိုလှောင်ရေးကြီးကြပ်မှုအဖွဲများကို ဖွဲ့စည်းပေးထားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်မှု မြင့်မားလာရင် ပြည်သူလူထု စားနပ်ရိက္ခာအဆင်ပြေဖို့ အရေးပေါ်စားအုန်းဆီများကို သိုလှောင်ထားခြင်းဖြစ်သည်။ ကို ဗစ်-၁၉ ဖြစ်ပွားမှု မြင့်မားလာချိန်ကျရင် ဒါမှမဟုတ် ပြည်သူလူထု စားနပ်ရိက္ခာအခက်အခဲရှိတဲ့အချိန်ကျရင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်မှုနှင့်အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းကို စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှုန်းမြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် နိုင်ငံသားများကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ နွားထိုးကြီးမြို့နယ်အတွက် စားအုန်းဆီပလပ်စတစ်ပုံး ၂၅၈၇ ပုံး (၄၂ တန်) ကို လက်ခံသိုလှောင်ရေးအဖွဲ့မှ လက်ခံသိုလှောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်