ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် နှစ်စဉ်မပျက် ကန်ရေနောက်ခြင်းသည် ယခင်နှစ်ထက် ကန်ရေပိုမိုနောက်ကျိလာ

ရိခေါ်ဒါရ်   ဒီဇင်ဘာ  ၃၀

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်၏ အမှတ်သင်္ကေတနှင့် အထင်ကရ နေရာဒေသတစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဌာန် ရိရေကန်၏ ထူးခြားချက်တစ်ခုဖြစ်သည့် ဆောင်းတွင်းရာသီ၌ နှစ်စဉ်မပျက်ကန်ရေနောက်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

အသည်းနှလုံးပုံသဏ္ဌာန် ရိရေကန်၏ နှစ်စဉ်မပျက် ကန်ရေနောက်ကျိမှုအခြေအနေကို ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောကြားရာတွင် “ကန်ရေဟာ နှစ်စဉ်မပျက်မကွက် ဆောင်းတွင်းရာသီ၌ ကန်ရေ နောက်လေ့ရှိပါတယ်။ ကန်ရေ နောက်ရခြင်းအကြောင်းရင်းကိုတော့ ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရှင်များရဲ့ အတည်ပြုချက် မရှိသေးတဲ့ အခါကျတော့ ဘာကြောင့်နောက်သလဲဆိုတာ မပြောနိုင်ပါဘူး။ ကန်ရေဟာ နှစ်စဉ်မပျက် ရေနောက်ပြီးတော့ ရေမနောက်တဲ့နှစ် တစ်နှစ်မှမရှိသေး ပါဘူး။ ဆောင်းတွင်း ကာလမှာ ရေနောက်တတ်ပါသော်လည်း ရေနောက်တဲ့အချိန်ကတော့ နှစ်စဉ်မတူပါဘူး။ ဆောင်းရာသီ အဝင်စောပြီး အအေးလွန်ကဲ၍ ဆောင်းထန်တဲ့ နှစ်မှာဆိုရင် ကန်ရေနောက်တာလည်း စောပြီး ပိုမိုနောက်ကျိလာတယ်။ သို့ပေမယ့် အအေးပေါ့တဲ့နှစ်တွေဆိုရင် ရေနောက်တဲ့အချိန် နောက်ကျပြီး ရေနောက်ယုံသာသာလေး နောက်တာပါ။ ကန်ရေနောက်လာလို့ရှိရင်လဲ ချက်ချင်း နောက်လာတာမဟုတ်ဘဲ တစ်ပတ်လောက် အချိန်အတွင်း တဖြည်းဖြည်း နောက်ကျိလာတာ ဖြစ်ပြီးတော့ ကန်ရေပြန်ကြည်လင်လာတာကလည်း ချက်ချင်း ကြည်လင်လာတာမဟုတ်ဘဲ လနဲ့ချီပြီး တဖြည်းဖြည်း ပြန်ကြည်လင်လာတာပါ။ နှစ်စဉ်ကန်ရေနောက်ကျိလာတာက များသောအားဖြင့် ဒီဇင်ဘာလနှောင်းပိုင်းကစပြီး နောက်ကျိလာပြီးတော့ ကန်ရေများ လုံးဝ ပြန်ကြည်လင်လာတာကတော့ များသောအားဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကြည်လင်လာတာများပါတယ်။”ဟု ပြောသည်။

ယခုနှစ်တွင်လည်း ဆောင်းရာသီ အအေးထန်ပြီး အအေးလွန်ကဲခြင်းကြောင့် ရိရေကန် ကန်ရေ နောက်ကျိခြင်းသည်လည်း ယခင်နှစ်ထက် ကန်ရေပိုမိုနောက်ကျိလာကြောင်း မြင်တွေ့ ရပါသည်။

ရိရေကန်သည် လူရှိုင်း၊ ဟွာလ်ငို(မီဇီုး)ချင်းလူမျိုးများ၏ သမိုင်းဝင်အထင်ကရ ရေကန်ကြီး တစ်ကန်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ လေ့လာရေးခရီး၊ အပန်းဖြေခရီးနှင့် ပျော်ပွဲစားခရီးတို့ဖြင့် နှစ်စဉ်လာရောက်လည်ပတ်သူများပြားကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)