မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား ကျေးရွာအုပ်စုများအရောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

တောင်သာ ဩဂုတ် ၅

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို ဩဂုတ်လ (၄) ရက်၊ နံနက် (၉) နာရီအချိန်က တောင်သာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာများအရောက်  သွားရောက်၍  ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်သာမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြဇော်ဦး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်း၊ သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များသည် တာဝန်ကျကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာများမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရာ ကျေးရွာနေပြည်သူများ လာရောက်ကြည့်ရှုနေမှုအခြေအနေ မဲစာရင်းတွင်မပါရှိပါက ဆောင်ရွက်ပေးနေသည့် အခြေအနေအချက်အလက်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဆောင်ရွက်ပေးနေခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စုများတွင်  မဲရုံပေါင်း (၃၂၂) ရုံ၊ မဲဆန္ဒရှင် (၁၈၇၈၆၉) ဦးခန့်ရှိရာ မဲရုံအလိုက် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ အဖွဲ့များခွဲ၍ လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)