ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပန်ဆိုင်း ဒီဇင်ဘာ  ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မြို့ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်က “ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရွက်နေမှုများအား အရှိန်အဟုန်မပျက်ဘဲ ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ မြို့အဝင်ဂိတ်များ၌ ကျန်းမာရေး စစ်ဆေးမှုများကို ပိုမိုကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ ဝင်/ထွက် သွားလာနေသည့် ကုန်တင်ကားကြီးများအပါအဝင် သာမန်ယာဉ်မောင်းများကိုလည်း ကျန်းမာရေး ထောက်ခံစာများ ပါရှိမှသာ ဝင်ထွက်သွားလာနိုင်ရေးကို ခွင့်ပြုရန်၊ ကျန်းမာရေးထောက်ခံစာများ သက်တမ်းလွန်ခြင်းရှိ/မရှိ သေချာစစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်သွားရန်နှင့် ရပ်ကွက်များ၌ လူစုလူဝေးများ မပြုလုပ်ရေးကြီးကြပ်ဆောင်ရွက်သွားကြရန်” အမှာစကားပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် မြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများမရှိစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ အကြောင်းကြားခြင်းမပြုဘဲ မြို့အတွင်းခိုးဝင်မှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)