နမ့်ခမ်းမြို့၌ ကြံစိုက်တောင်သူများအား ကြံစိုက်ပျိုးမှုနည်းပညာများ ဆွေးနွေးခြင်းနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

နမ့်ခမ်း      ဒီဇင်ဘာ    ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ (၂)နာရီ အချိန်ခန့်က မြို့နယ် အတွင်းရှိ ကြံစိုက်ပျိုးတောင်သူများအား ကြံစိုက်ပျိုးမှုနည်းပညာ ဆွေးနွေးခြင်းနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးခြင်း အခမ်းအနားကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့သည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းဦးက "မြို့နယ်အတွင်းရှိ ကြံစိုက်ပျိုးမှုက ဧက(၂၀၀၀)ခန့် စိုက်ပျိုးပါတယ်၊ ကြံစိုက်ပျိုး ကြတဲ့ ကျေးရွာအုပ်စုမှ ကျေးရွာကြံစိုက်ပျိုးသူ ကိုယ်စားတို့ကို ဖိတ်ခေါ်ပြီး ကြံအထူးထွက်တိုး စိုက်ပျိုးမှုနည်းစနစ်များအကြောင်းနဲ့ ပိုးမွှား၊ ရောဂါတို့ ကာကွယ်ဖို့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အကြောင်းတို့ ဆွေးနွေးခဲ့ပါတယ်" ဟု ပြောကြားသည်။

နမ့်ခမ်းမြို့၊ ဒေသခံကြံတောင်သူများ အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် ကြံများကို တစ်ဖက် နိုင်ငံ၊ တရုတ်နိုင်ငံရှိ သကြားစက်ရုံသို့ ပို့ဆောင် ရောင်းချရရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် ကြံတောင်သူများ၏ အကျိုးစီးပွားကို အထောက်အကူ ပြုနိုင်ရန်အတွက် မြို့နယ်ကြံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဖွဲ့စည်းနိုင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ကြံစိုက်တောင်သူများကို တစ်ဦးလျှင် ကွန်ပေါင်း ဓါတ်မြေသြဇာ (၁)အိတ်နှုန်းဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)